လေယာဉ်ပြတင်းပေါက်မှ မြင်ရသော မြင်ကွင်းက စိတ်ဝင်စားဖွယ် လှပသည်။ ၀င်းမှည့် နေသောဂျုံခင်းနှင့် သစ်သီးခြံများက ဖဲကြိုးသေးသေးသွယ်သွယ်လေးပမာ တောင်နှစ်လုံး ကြားတွင် အတန်းလိုက် ရှိနေသည်။ တောင်ကြားကို ဖြတ်၍ မြစ်တစ်စင်းက စီးဆင်း နေသည်။ အသက်ကိုပေးသော ရေမရှိပါက အသီးလည်း ရှိမည် မဟုတ်ပေ။
အသီးအနှံဖြစ်ထွန်းအောင်မြင်ရန် သန့်စင်သော ရေ အရင်းအမြစ် လိုအပ်သကဲ့သို့၊ မိမိပြောသောစကား၊ ပြုသော
အမှု၊ စိတ်ထား စသည့်  အသက်တာ‘‘အသီး’’၏ အရည်အသွေး မှာ ကျွန်ုပ်တို့မှီဝဲသည့် ၀ိညာဉ်အစာအာဟာရပေါ်တွင် မူတည်သည်။ ဤအချက်ကို ဆာလံဆရာက ဆာလံ ၁ ၌ဖော်ပြထားသည်။ ‘‘ထာဝရဘုရား၏တရားတော်၌ မွေ့လျော် … သောသူသည် … မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏’’ (း၁-၄)။ ရှင်ပေါလုကလည်း ၀ိညာဉ်တော်နှင့် လျှောက်လှမ်းသူ တို့၏အမှတ်လက္ခဏာမှာ ‘‘ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း’’ စသည့်ဖြင့် ဖြစ်ကြောင်း ဂလာတိ ၅ ၌ ရေးသားထားသည် (း၂၂-၂၃)။
တစ်ခါတစ်ရံတွင် မိမိအခြေအနေကို ကျွန်ုပ်ရှုမြင်ပုံက အဆိုးမြင်သည့် အနုတ် သဘောဆောင်ပြီး၊ ကျွန်ုပ်၏ အပြုအမူ အပြောအဆိုက ဆက်တိုက်ပင် ရက်စက်ခက်ထန် နေသည်။ ကောင်းသောအသီး မရှိ။ ဘုရားစကားတော်၌ ငြိမ်ဝပ်စွာ အချိန်မယူခဲ့ကြောင်း  မိမိကိုယ်ကို သိသည်။ သို့သော် ဘ၀နေ့ရက်၏စည်းချက်များတွင် ကိုယ်တော့်အပေါ် မှီခိုအမြစ်စွဲနေပါက ကောင်းသောအသီး သီးနိုင်သည်။ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံရာတွင် စိတ်ရှည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းသဘောတို့ ထွက်ပေါ်သည်။ ပြစ်တင် ဝေဖန်ခြင်းထက် ကျေးဇူးတင်သည့် စိတ်ထားကို အလွယ်တကူ ရွေးချယ်နိုင်ပါသည်။
ကျွန်ုပ်တို့အား မိမိကိုယ်ကို ထင်ရှားဖော်ပြသည့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ခွန်အား၊ ဉာဏ်ပညာ၊ ၀မ်းမြောက်ခြင်း၊ နားလည်နိုင်သောဉာဏ်နှင့် ငြိမ်သက်ခြင်း  အရင်းအမြစ် ဖြစ်သည် (ဆာ ၁၁၉း၂၈၊ ၉၈၊ ၁၁၁၊ ၁၄၄၊ ၁၆၅)။ ကိုယ်တော့်ထံသို့ ညွှန်ပြ နေသော နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့ စိတ်ဝိညာဉ်ကို နှစ်မြှုပ်ထားပါက ဘုရားသခင်၏ ၀ိညာဉ်တော် လုပ်ဆောင်သည့်အမှုက ကျွန်ုပ်တို့၏ အသက်တာ၌ ထင်ရှားလာလိမ့်မည်။ PETER CHIN, GUEST WRITER