ဝန်ကြီးချုပ် ၀င်စတန်ချာချီ၏ အနှစ် ၈၀ မြောက် မွေးနေ့ပွဲအတွက် ဗြိတိသျှ ပါလီမန်က နာမည်ကျော် နိုင်ငံခေါင်းဆောင်ကြီး၏ ပုံတူပန်းချီကားဆွဲပေးရန် ပန်းချီဆရာ ဂရေဟမ် စူသလန်အား အလုပ်အပ်ခဲ့သည်။ ‘‘ငါ့ကို ဘယ်လိုပုံဆွဲပေးမှာလဲ၊ အပြစ်ကင်းတဲ့ ကလေးတစ်ယောက်ပုံလား၊ ဒါမှမဟုတ် ခွေးဘီလူးလိုမျိုးလား’’ ဟု ချာချီ က ပန်းချီဆရာကို မေးခဲ့ကြောင်း အရပ်စကားများအရ သိရသည်။ သူ့အား ကိုယ်စားပြုသော၊ နာမည်ကျော်ပြီး လူကြိုက်များသည့် ဤပုံစံနှစ်မျိုးကို ချာချီ နှစ်သက်သည်။ သို့သော် စူသလန်က သူမြင်သည့် အရာကိုသာ သူရေးဆွဲမည်ဟု ဖြေခဲ့သည်။
ချာချီသည် သူ့ပုံတူ ပန်းချီကားကို မကြိုက်ပါ။ စူသလန် ဆွဲပေးသော ပုံတူမှာ ချာချီ၏ အပြင်က ရုပ်အတိုင်း သူ၏စတိုင်ဖြစ်သည့် စိတ်ဆိုးမာန်ဆိုး မျက်နှာပေးနှင့် ကုလားထိုင်ပေါ်၌ ထိုင်နေသည့်ပုံဖြစ်သည်။ ကြည့်ကောင်းအောင် ဆွဲဆောင်မှုရှိအောင် ရေးဆွဲမထားပါ။ ထိုပုံတူပန်းချီကားကို   ပြသပြီးနောက် ယင်းကို သူ့အိမ် မြေအောက်ခန်း၌ ၀ှက်ထားခဲ့သည်။ နောက်ပိုင်းတွင် ယင်းကို တိတ်တဆိတ် ဖျက်ဆီးပစ်ခဲ့သည်။
ချာချီကဲ့သို့ပင် ကျွန်ုပ်တို့ အများစုတွင် အောင်မြင်မှု၊ ဘုရားတရားကိုင်းရှိုင်းမှု၊ ကျက်သရေရှိမှုနှင့် ခွန်အားကြီးမှု စသည့် အခြားသူများအား မြင်စေချင် အားကျစေချင် သည့် မိမိ၏ကိုယ်ပိုင်ပုံရိပ်များရှိသည်။ မိမိ၏အကျည်းတန်သည့်ဘက်ခြမ်းကို အချိန် တော်တော်ကြာကြာ ၀ှက်ထားနိုင်သည်။ စိတ်ထဲ၌မူ မိမိ၏ပုံစံအစစ်ကို အခြားသူများ သိသွားပါက ကျွန်ုပ်တို့ကို မချစ်ခင်တော့မှာကို စိုးကြောက်နေနိုင်သည်။
ဣသရေလလူတို့ ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်ခံရစဉ် သူတို့၏ အခြေအနေက အဆိုးရွားဆုံး ဖြစ်သည်။ သူတို့၏အပြစ်ကြောင့် ဘုရားသခင်က  ရန်သူများအောင်နိုင်ခွင့် ပေးခဲ့သည်။ သို့သော် သူတို့ကို မစိုးရိမ်ရန် မိန့်ကြားခဲ့သည်။ သူတို့ကို အမည်နာမနှင့် သိသည်၊ နှိမ့်ချစစ်ကြောခံရတိုင်း ဘုရားသခင် သူတို့နှင့်အတူ ရှိသည် (ဟေရှာ ၄၁း၁-၁၂)။ ဘုရားသခင်၏လက်တော်၌ သူတို့လုံခြုံစွာရှိပြီး (း၁၃)၊ ဘုရားသခင်အတွက် ၎င်းတို့ သည် ‘‘အဖိုးတန်’’သည်(း၎)။  အကျည်းတန်လည်း ဘုရားသခင် သူတို့ကို ချစ်သည်။
ထိုသမ္မာတရားကို သိမြင်လက်ခံလာချိန်တွင် တစ်ပါးသူများ ကိုယ့်ကို သဘောကျနှစ်သက်အောင် လုပ်ဆောင်လိုစိတ်မရှိတော့ပါ။ ကျွန်ုပ်တို့၏ပုံစံအစစ်ကို သခင်သိပြီး တိုင်းဆ၍မရနိုင်အောင် ကျွန်ုပ်တို့ကိုချစ်ဆဲဖြစ်သည်( ဧ ၃း၁၈)။  SHERIDAN VOYSEY