ကျွန်မ၏လေးနှစ်အရွယ် သားလေး၌ မေးခွန်းများအပြည့်ရှိနေပြီး အဆက်မပြတ် တတွတ်တွတ်နှင့် စကားပြောတတ်သည်။ သူနှင့်စကားပြောရသည်ကို ကျွန်မ နှစ်သက် ပါ၏။ သို့သော် ကျောပေးထားသည့်အချိန်၌လည်း ကျွန်မကို စကားလှမ်းပြောသည့် အကျင့်ဆိုးလေးတစ်ခုတတ်လာသည်။ “အမေ မကြားရဘူး၊ စကားပြောတဲ့အခါ အမေ့ကို ကြည့်ပြီးပြော” ဟု ရံဖန်ရံခါ ကျွန်မ ပြန်ပြောမိသည်။
တစ်ခါတစ်ရံ ဘုရားသခင်သည်လည်း ကျွန်မတို့အား အထက်ပါအတိုင်း ပြောလိုမည်ဟု ကျွန်မတွေးမိသည်။ ကိုယ်တော်သည် ကျွန်မတို့၏ပြောစကားများကို မကြားခြင်း ကြောင့် မဟုတ်ပါ။ ကိုယ်တော့်ကို တကယ် “မကြည့်” မျက်မှောက်မပြုဘဲ ကျွန်မတို့ သူ့အား စကားပြောမည့် အရိပ် အခြေရှိခြင်းကြောင့်ဖြစ်သည်။ ကျွန်မတို့ ဆုတောင်းနေ သော်လည်း မိမိ၏မေးခွန်းများနှင့်မိမိဘာသာ ပိတ်မိနေသည်။ မိမိကိုယ်ကိုသာ အာရုံပြုမိသည်။ မိမိဆုတောင်းလျှောက် နေသူ ဘုရားသခင်၏သဘောတော်ကို မေ့လျော့တတ်သည်။ ကျွန်မသားလေးကဲ့သို့ မိမိ စကားပြောနေသူထံ အာရုံမပြုဘဲ မေးခွန်းများမေးနေတတ်သည်။
ဘုရားသခင်သည် မည်သူဖြစ်သည်၊ မည်သည့်အမှုကို ပြုခဲ့ကြောင်း မိမိကိုယ်ကို သတိပေးခြင်းအားဖြင့် ကျွန်မတို့၏စိုးရိမ်ပူပန်မှုအများစုကို ပြေလည်အောင် ဖြေရှင်း နိုင်သည်။ ရိုးရိုးလေး ပြန်လည်ကာ အာရုံပြုခြင်းဖြင့် ကိုယ်တော်သည် နှစ်သက်ဖွယ် ကောင်းခြင်း၊ ခွင့်လွှတ်တော်မူခြင်း၊ အရာခပ်သိမ်းကို ပိုင်သအုပ်စိုးခြင်းနှင့် ကျေးဇူးပြု တတ်ခြင်းစသော ကိုယ်တော်၏သဘောတော်ကို သိရှိခြင်း၌ နှစ်သိမ့်သက်သာရာကို ရှာဖွေတွေ့ရှိနိုင်ပါသည်။
ဘုရားသခင်၏မျက်နှာတော်ကို စဉ်ဆက်မပြတ် ရှာဖွေသင့်သည်ဟု ဆာလံ ဆရာက ယုံကြည်ထားပါသည် (ဆာ ၁၀၅း၎)။ ၀တ်ပြုကိုးကွယ်ရန်နှင့် ဆုတောင်းရန် ဦးဆောင်သူများကို ဒါဝိဒ်ခန့်အပ်သောအခါ ဘုရားသခင်၏သဘောတော်ကို ချီးမွမ်းရန် နှင့် လွန်ခဲ့သည့်အတိတ်က သူ၏သစ္စာတော်တည်ခဲ့သည့်အကြောင်းများကို ပြောကြား ရန် လူများကို အားပေးတိုက်တွန်းခဲ့သည်။
ဘုရားသခင်၏တင့်တယ်သော မျက်နှာတော်ကိုဖူးလျက်  ကြည့်မျှော်သောအခါ အဖြေမရသော မေးခွန်းများအလယ်၌ ရှိနေသည့်တိုင် ဆက်လက်ရပ်တည်နိုင်ရန် ခွန်အားနှင့် နှစ်သိမ့်ချမ်းသာကို ရှာဖွေတွေ့ ရှိနိုင်ပါသည်။ AMY PETERSON