နှစ်သိမ့်ပွေ့ပိုက်ချော့မြူခြင်း
ဖတ်ရန်: ဟေရှာ ၆၆း၁၂-၁၆ | သမ္မာကျမ်းစာတစ်နှစ်စာ: □ ယောရှု ၁၃-၁၅ □ လု ၁း၅၇-၈၀
00:00
အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့ သင်တို့ကို ငါနှစ်သိမ့်စေသည်။ (း၁၃)
ကျွန်မ၏မိတ်ဆွေသည် ၄ ရက်သားလေးသာ ရှိသေးသည့် သမီးလေးအား
ထွေးပိုက်ခွင့်ကို ကျွန်မအား စိတ်ချလက်ချပေးခဲ့သည်။ ကလေးကို
ပွေ့ချီလိုက်ပြီး မကြာမီမှာပင် သူလေးက စပြီး အလိုမကျဖြစ်လာသည်။ သူ့ကို
ပိုပြီး နီးနီးကပ်ကပ်ဖြင့်ကျွန်မ၏ပါးနှင့် သူ့ခေါင်းလေးကိုဖိကာ လက်ပေါ်၌
လွဲပေးပြီး သူ့ကို ချော့မြူရန် ညင်သာစွာ သီချင်းညည်းဆိုပေးသည်။ ၁၅ နှစ်မျှ
ကလေးထိန်းခဲ့သည့် အတွေ့အကြုံနှင့် စိတ်အားထက်သန်စွာ ကြိုးစားပါသော်လည်း
သူ့ကို မချော့သိပ်နိုင်ခဲ့ပါ။ နောက်ဆုံး သူ့မိခင်၏လက်ထဲသို့ ပြန်မထားမချင်း
သူ့ခမျာပို၍ပို၍ သောကများလာသည်။ သည့်နောက် သူ့မိခင် ထံသို့
ပြန်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ငြိမ်သက်ခြင်း လွှမ်းမိုးသွားသည့်အလား
ငိုသံတိတ်သွားပြီး မွေးကင်းစ ကလေးငယ်မှာ သူစိတ်ချယုံကြည်သူ၏လက်၌
စိတ်သက်သာရာ ရသွားတော့သည်။ ကျွန်မ၏မိတ်ဆွေမှာ သူ့သမီးလေးကို
မည်သို့ပွေ့ဖက်ရမည်၊ သူ့စိုးထိတ်မှုတို့ လျော့သွား အောင် မည်ကဲ့သို့ ဖွဖွလေး
ပုတ်ပေးရမည်ကို တိတိကျကျ သိပေသည်။
မိမိ၏ရင်သွေး စိတ်အေးချမ်းငြိမ်သက်အောင် နူးညံ့ကြင်နာစွာ လုပ်ဆောင် ပေးသောမိခင်၊ စိတ်ချအားကိုးနိုင်သောမိခင်၊ ဇွဲလုံ့လနှင့် အားထုတ်တတ်သောမိခင်ပမာ ဘုရားသခင်သည်လည်း သူ့သားသမီးများထံ နှစ်သိမ့်မှုချမ်းသာကို ဖြန့်ကျက်ပေးသည်။ ကျွန်မတို့ ပူပင်သောကရောက်သောအခါ သူ၏လက်တော်ဖြင့် ကြင်နာယုယစွာ ပွေ့ပိုက် ပို့ဆောင်သည်။ ဘုရားသခင်သည် ကျွန်မတို့၏အဘခမည်းတော်နှင့် ဖန်ဆင်းရှင်သခင် ဖြစ်တော်မူခြင်းကြောင့် ကျွန်မတို့ကို ခရေစေ့တွင်းကျသိရှိသည်။ “စိတ်နှလုံး တည်ကြည် သောသူသည် ကိုယ်တော်ကို ခိုလှုံသောကြောင့် ငြိမ်သက်ခြင်းသက်သက်ရှိမည့် အကြောင်း (ဘုရားသခင်) စောင့်ရှောက်တော်မူလိမ့်မည်” (ဟေရှာ ၂၆း၃)။
ဤလောကကြီး၏ဒုက္ခပြဿနာများက သင့်နှလုံးသားကို ဖိစီးလေးလံစေသော အခါ ချစ်ခင်ကြင်နာတတ်သော မိဘနည်းတူ ဘုရားသခင်သည် သူ၏သားသမီးများ ဖြစ်သော ကျွန်မတို့ကို ကာကွယ်လျက် ပြဿနာများကို ရင်ဆိုင်တိုက်ခိုက်ပေးကြောင်း အသိက ကျွန်မတို့အတွက် နှစ်သိမ့်သက်သာရာကို ဖြစ်စေနိုင်ပါသည်။ KIRSTEN HOLMBERG

စိတ်ပျက်အားလျော့ချိန်များ၌ နှစ်သိမ့်ချမ်းသာမှုအတွက်
ကိုယ်တော့်ထံပါး မျှော်ကြည့်တတ်ရန် ကူညီတော်မူပါ သခင်။
ဘုရားသခင်၏ နှစ်သိမ့်ချမ်းသာမှုသည် ကျွန်ုပ်တို့ကို အပြည့်အ၀ သက်သာအေးချမ်းစေသည်။
No comments:
Post a Comment