တရုတ်နိုင်ငံတွင် ယခင်က ဂျပန်စစ်အကျဉ်းစခန်း ဖြစ်ခဲ့ဖူးသောဒေသ၌ ၁၉၄၅ ခုနှစ်က ကွယ်လွန်ခဲ့သူတစ်ဦး၏ အမှတ်တရကျောက်တိုင်ကို စိုက်ထူထားသည်။ “အဲရစ် လစ်ဒယ် အား စကော့လူမျိုး မိဘနှစ်ပါးမှ ၁၉၀၂ ခုနှစ်၌ တီယန်ကျင်းမြို့တွင် မွေးဖွားခဲ့သည်။ ၁၉၂၄ အိုလံပစ်အားကစားပွဲတော်တွင် မီတာ ၄၀၀ အပြေးပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး အားကစားသမားဘ၀၏ အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ တီယန်ကျင်း၌ ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် သူသည် တရုတ်ပြည်သို့ ပြန်လာခဲ့သည်။ … လူသားဘ၀ ကြီးပွားတိုးတက်အောင် အကောင်းဆုံးပေးဆပ်ကြရန် လူငယ်များကို တိုက်တွန်း ခွန်အားပေးရင်း သူ့ဘ၀ တစ်ခုလုံးကို အသုံးပြုခဲ့သည်” ဟု ကျောက်တိုင်ပေါ်တွင် ရေးထွင်းထားသည်။
အဲရစ်၏ အကြီးမားဆုံး အောင်မြင်မှုမှာ အားကစား နယ်ပယ်၌ ဖြစ်သည်ဟု အများက ရှုမြင်ကြမည်။ သို့သော် သူမွေးဖွားသန့်စင်ရာဌာနီ သူချစ်သော တရုတ်နိုင်ငံမှ တီယန်ကျင်း လူငယ်များထံ ပေးဆပ်ခဲ့မှုအတွက်လည်း သူ့အား အမှတ်ရကြသည်။ ယုံကြည်ခြင်းအားဖြင့် သူအသက် ရှင်သန်၊ အစေခံခဲ့သည်။
မည်သည့်အရာဖြင့် ကျွန်ုပ်တို့ကို လူတို့ အမှတ်ရကြ မည်နည်း။ ပညာရေး၌ အောင်မြင်မှု၊ အလုပ်အကိုင် ရာထူးရာခံ၊ ငွေကြေးအောင်မြင်မှုတို့ကြောင့် ကျွန်ုပ်တို့ကို အခြားသူများက အသိအမှတ်ပြု မှတ်မိကောင်းမှတ်မိကြမည်။ သို့သော် လူသားတို့၏ ဘ၀အသက်တာအတွက် တိတ်တဆိတ် လုပ်ဆောင်ပေးသောအမှုသည်သာ ကျွန်ုပ်တို့၏ ဘ၀အသက် လွန်သွားပြီး နောက်ပိုင်း ကြာရှည်တည်မြဲမည်ဖြစ်သည်။
သမ္မာကျမ်းစာမှ ယုံကြည်ခြင်းအကြောင်းဖော်ပြသော ဟေဗြဲသြ၀ါဒစာ အခန်းကြီး ၁၁ ၌ မောရှေအား အဲဂုတ္တုပြည်ရှိ စည်းစိမ်ဥစ္စာကို ခံစားယစ်မူးခြင်းထက် ဘုရားသခင်၏ လူမျိုးတော်တို့နှင့်အတူ  တန်းတူ ရှင်သန်နေထိုင်ရန် ရွေးချယ်ခဲ့သူအဖြစ် အမှတ်ရကြသည်။ မောရှေသည် ဘုရားသခင်၏လူမျိုးတော်ကို ဦးဆောင်ကာ ယုံကြည်ခြင်းဖြင့် အစေခံခဲ့သည်။  C.P.HIA