ခေတ္တခဏ အနားယူလိုသဖြင့် အနီးရှိ ပန်းခြံထဲ ကျွန်မလမ်းလျှောက်ထွက်ခဲ့သည်။ လမ်းလေးအတိုင်း ရှေ့ရှုလျှောက်သွားရာ စိမ်းစိမ်းစိုစိုနှင့် အပင်ပေါက်လေးက ကျွန်မ၏ အာရုံကို ဖမ်းစားသည်။ ရွှံ့တောထဲမှ အပင်အစို့အညှောင့်လေးများ ရှင်သန် ထွက်ပေါ်လာသည်။ နွေးထွေးသောရာသီ ရောက်လာတော့မည့်အကြောင်း နွေဦး၏ ရှေ့တော်ပြေး အ၀ါရောင်ပန်းလေးများက ရက်သတ္တပတ် အနည်းငယ်အတွင်း ဖူးပွင့်လာတော့မည်။ ဆောင်းတစ်ရာသီ ကို ကျော်ဖြတ်နိုင်ခဲ့ပြန်ပြီ။
ဟောရှေအနာဂတ္တိကျမ်းကို ဖတ်ရှုရသည့်အခါ မဆုံးနိုင်တော့သည့် အေးစက်သည့် ဆောင်းရာသီအလား ခံစားမိစေသည်။ ဖန်ဆင်းရှင်က သူ့လူမျိုးတော် ဣသရေလ လူတို့ကို ချစ်ကြောင်း ပုံနမူနာပြသည့်အနေနှင့် (၁း၂-၃) ဘုရားသခင်သည် ပရောဖက်ဟောရှေအား အားကျစရာ မကောင်းသည့် သစ္စာမဲ့အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရန်စေခိုင်းခဲ့သည်။ ဟောရှေ၏ဇနီးဂေါမာသည် သူတို့၏ထိမ်းမြားခြင်းဝန်ခံကတိကို ချိုးဖောက်ခဲ့သည်။ သို့သော်လည်း သူ့အပေါ် အကြွင်းမဲ့ချစ်တုံ့ပြန်လာမည်ဟူသည့် မျှော်လင့်ချက်ဖြင့် ဟောရှေက သူ့အား ပြန်လာရန် ကမ်းလင့်ကြိုဆိုခဲ့သည် (၃း၁-၃)။ ထိုနည်းတူ ဘုရားသခင်သည်လည်း ကျွန်မတို့ သူ့အား အစွမ်းကုန်ချစ်ရန်၊ ပျောက်လွင့်သွားသည့် မနက်ခင်းမြူနှင်းကဲ့သို့မဟုတ်ဘဲ မပြယ်သော ဆက်ကပ်အပ်နှံမှုနှင့် ချစ်မြတ်နိုးရန် အလိုရှိပါသည်။
ကျွန်မတို့သည် ဘုရားသခင်နှင့် မည်ကဲ့သို့ ပတ်သက်ဆက်ဆံနေပါသနည်း။ မိမိတို့ အောင်မြင်ကာ ၀မ်းမြောက်နေချိန်တွင် သခင့်အား လျစ်လျူရှုထားပြီး ဒုက္ခ ရောက်ချိန်၊ ပူပင်သောကအတွက် အဖြေရှာနေချိန်တို့၌သာ သခင့်အား အဓိကထား ရှာဖွေနေပါသလား။ အသက်မွေးဝမ်းကျောင်းအလုပ်၊ အောင်မြင်မှုနှင့် အခွင့်အာဏာ စသော  မျက်မှောက်ခေတ်ရုပ်တုများနောက်သို့ ဣသရေလလူတို့နည်းတူ ကျွန်မတို့ လွယ်လင့်တကူ လမ်းလွဲလိုက်ပါသွားနေပါသလား။
ယနေ့ နွေဦး၌ ရှင်သန်ဖူးပွင့်လာမည့် ပန်းများနည်းတူ ကျွန်မတို့ကို အသေအချာ အမှန်တကယ်ချစ်သည့် ဘုရားသခင်ထံ မိမိတို့ ကိုယ်ကိုယ်ကိုယ် ပြန်လည် ဆက်ကပ် အပ်နှံကြပါစို့။ AMY BOUCHER PYE