ဒါဝိဒ်သည် အစီအစဉ်များ ရေးဆွဲကာ ပရိဘောဂဒီဇိုင်းပုံကို ဆွဲသည်။ တန်ဆာပလာ ပစ္စည်းများကို စုဆောင်းသည်။ စီစဉ်စရာများအားလုံးကို အကျအန စီစဉ်သည် (၅ ရာ ၂၈း၁၁-၁၉ ကို ကြည့်ပါ)။ သို့သော် ယေရုရှလင်မြို့၌ ပထမဦးဆုံး တည်သော ဗိမာန်တော် သည် ဒါဝိဒ်၏ဗိမာန်တော် မဟုတ်ဘဲ၊ ရှောလမုန်၏ ဗိမာန်တော်ဟု  ထင်ရှားခဲ့သည်။
ဘုရားသခင်က “သင်သည် ငါနေစရာဘို့ အိမ်ကို မဆောက်ရ” (၅ ရာ ၁၇း၎)ဟု မိန့်ကြားထားသည်။ ဤသို့ ဘုရားသခင်က သူ့ကို မဆောက်ခိုင်းသော်လည်း ဒါဝိဒ်၏ တုံ့ပြန်ပုံမှာ အတုယူစရာကောင်းလှသည်။ သူသည် သူကိုယ်တိုင် မလုပ်ဆောင်နိုင်သည့်အရာ၌ အာရုံမစိုက်ဘဲ ဘုရားသခင် လုပ်ဆောင်မည့်အရာအပေါ် အာရုံစိုက်သည် (၅ ရာ ၁၇း၁၆-၂၅)။ ကျေးဇူးတင်သော စိတ်သဘောကို စောင့်ထိန်းသည်။ သူလုပ်နိုင်သမျှကို လုပ်ဆောင်သည်။ ဗိမာန်တော် တည်ဆောက်ရာ၌ ရှောလမုန်ကိုကူညီရန် ကျွမ်းကျင် ပညာရှင်များကို စုစည်းပေးသည်။
ကျမ်းစာအနက်ဖွင့်ဆရာ J.G.McConville က “ရံဖန်ရံခါခရစ်ယာန်အစေခံခြင်း၌ မိမိအလွန်လုပ်ဆောင်လိုသည့် အလုပ်ဖြစ်ငြားလည်း၊ ထိုအမှုအတွက် ကျွန်ုပ်တို့ကို ဘုရားသခင် ပြင်ဆင် ထားခြင်းမဟုတ်၊ ကျွန်ုပ်တို့ကို အမှန် တကယ် ရွေးချယ်ခေါ်ယူ စေစားခြင်း မဟုတ်ပါက ၎င်းကို လက်ခံရန် လိုအပ်သည်။ ဒါဝိဒ်ကဲ့သို့`ပို၍ထင်ရှားပြီး ခမ်းနားကြီးကျယ်သည့်´အမှုတစ်စုံတစ်ရာအတွက် အသင့် ပြင်ဆင်ပေးရသည့်အလုပ် ဖြစ်နိုင်၏” ဟုဆိုထားသည်။
ဒါဝိဒ်သည် မိမိ၏ဂုဏ်အတွက် မဟုတ်ဘဲ ဘုရားသခင်၏ဘုန်းထင်ရှားရေးကို ရှာဖွေခဲ့သည်။ ဘုရားသခင်၏ဗိမာန်တော်အတွက် သူပြုနိုင်သမျှကို သစ္စာရှိစွာ လုပ်ဆောင်ခဲ့ပြီး၊ သူ့နောက်ဆက်ခံမည့်သူက ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက် နိုင်အောင် ခိုင်မာသော အုတ်မြစ်ချခဲ့ပေးသည်။ ထိုနည်းတူ ကျွန်ုပ်တို့လည်း ဘုရားရှင် ရွေးချယ်ပေးသောအမှုများကို လက်ခံပြီး ကိုယ်တော်အား ကျေးဇူးတင်သော စိတ်နှလုံး  ဖြင့် အစေခံကြပါစို့။ ချစ်ကြင်နာသောဘုရားရှင်သည် “သာ၍ သိသာထင်ရှားစွာ ခမ်းနား ကြီးကျယ်သည့်” အမှုတစ်ခုကို လုပ်ဆောင်နေပါသည်။  POH FANG CHIA