၁၆၆၆ ခုနှစ် စက်တင်ဘာလ တနင်္ဂနွေနေ့တစ်ညတွင် Pudding လမ်းရှိ Thomas Farriner ၏ မုန့်ဖုတ်ရုံမှစ၍ မီးလောင်ချိန်တွင်  လူအများစုမှာ အိပ်မောကျနေကြသည်။ မကြာမီ  တစ်အိမ်ပြီးတစ်အိမ် မီးကူးကား ကြီးမားလှသည့် မီးတောက်များအကြားတွင် လန်ဒန်မြို့ကြီး ၀ါးမြိုခံခဲ့ရသည်။ မြို့၏ ၅ ပုံ ၄ ပုံ ပျက်စီးပြီး လူဦးရေ ၇၀၀၀၀ ကျော်    အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရသည်။ ဤသေးငယ်သောမီးက ကြီးမားသော ပျက်စီးမှုကို ဖြစ်စေခဲ့သည်။
သမ္မာကျမ်းစာထဲတွင်   သေးငယ်သော်လည်း ပျက်စီးစေတတ်သော အခြားမီးတစ်မျိုးအကြောင်း သတိပေး ထားသည်။   ‘‘ထိုနည်းတူ လျှာသည် ငယ်သောအင်္ဂါ ဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင် သည်ကို ကြည့်ပါလော့’’ ဟု ရေးသားခဲ့စဉ်က  (ယာ ၃း၅) ရှင်ယာကုပ်သည် အဆောက်အအုံထက်  အသက်တာနှင့် ပေါင်းသင်းဆက်ဆံရေးများအပေါ် အလေးထားခဲ့သည်။
ထိုနည်းတူ ကျွန်ုပ်တို့၏ ပြောစကားများသည် ဖျက်ဆီးနိုင်သောအစွမ်းရှိသည်။ သုတ္တံ ၁၆း၂၄ က ကျွန်ုပ်တို့အား ‘‘သာယာသောစကားသည် ပျားလပို့ကဲ့သို့ဖြစ်၍ စိတ်ဝိညာဉ်၌ ချိုမြိန်လျက် ကိုယ်အရိုးကို ကျန်းမာစေလျက်ရှိကြ၏’’ ဟူ၍ သတိပေးထားသည်။ တမန်တော် ရှင်ပေါလုကလည်း ‘‘လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည် အကြောင်း သင်တို့စကားသည် ဆားအားဖြင့် ငန်သောအရသာနှင့် ပြည့်စုံလျက် အစဉ်မပြတ် တင့်တယ်လျောက်ပတ်ပါစေ’’ ဟု ရေးသားခဲ့သည် (ကော ၄း၆)။ ဆားသည် အစားအသောက်များကို အရသာရှိစေသကဲ့သို့ သာယာသောစကားသည် အချင်းချင်း တည်ဆောက်စရာ ဖြစ်စေပါသည်။
သန့် ရှင်းသော ၀ိညာဉ်တော်ဘုရား၏ ကူညီထောက်ပံ့မှုဖြင့် နာကျင်ခံစားနေသူ၊ ယုံကြည်ခြင်း ကြီးထွားလိုသူများနှင့် ကယ်တင်ရှင်ထံသို့ လာလိုသူများအတွက် ကျွန်ုပ်တို့၏ ပြောစကားသည် အားပေးမစလျက် တည်ဆောက်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ပြောစကားများသည် မီးမွှေးမည့်အစား မီးကိုငြိမ်းစေနိုင်ပါသည်။  BILL CROWDER