ကျွန်မသားလေး အယ်လင် မွေးပြီးသည့် မနက်တွင် ဆရာဝန်က ခုတင်ခြေရင်းနားရှိ ထိုင်ခုံတွင် ထိုင်ရင်း ‘‘ကလေးက တစ်ခုခု မှားနေတယ်’’ ဟုပြောပါသည်။ အပြင်ပန်း ကြည့်လျှင် သားလေးသည် ပြီးပြည့်စုံပါသော်လည်း အသက်အန္တရာယ်ရှိသည့် မွေးရာပါ ရောဂါ ပါလာ၍ ချက်ခြင်းခွဲစိတ်မှုခံယူရန်အတွက် မိုင် ၇၀၀ ခန့်ဝေးသော ဆေးရုံသို့ လေယာဉ်ဖြင့် ထွက်ခွာရမည်ဖြစ်သည်။
သင့်ကလေး၌ ရောဂါတစ်စုံတစ်ရာရှိနေပြီဟု ဆရာဝန်က ပြောသောအခါ သင့်ဘ၀ကြီးပါ ပြောင်းလဲသွား သည်။ ကြိုမမြင်ရသောအရာကို စိုးရိမ်ကြောက်ရွံ့နေခြင်းက စိတ်နှလုံးကို ကြေမွစေပြီး လူကို ပြိုလဲသွားစေသည်။  ထို့ပြင် ကလေးကို ပြုစုနိုင်အောင် မိမိကို ခွန်အားပေးမည့် ဘုရားသခင်ကို အသည်းအသန် ရှာပါတော့သည်။
ချစ်ခြင်းမေတ္တာရှင်ဘုရားက ဤအဖြစ်မျိုးကို ခွင့်ပြု သည်လား၊ ကျွန်မကလေးကိုရော ဂရုစိုက်ပါရဲ့လား၊ ကိုယ်တော် ရှိပါသလား စသည်ဖြင့် ဟိုရောက်ဒီရောက် အတွေးများက ထိုမနက်တွင် ကျွန်မ၏ယုံကြည်ခြင်းကို တုန်လှုပ်စေခဲ့ပါသည်။
ခဏအကြာတွင် ကျွန်မခင်ပွန်း Hiram ရောက်လာပြီး ဆရာဝန် ပြန်သွားသော အခါ Hiram က ‘‘Jolene ဆုတောင်းကြရအောင်’’ ဟု ပြောသည်။ ကျွန်မ ခေါင်းငြိမ့် ပြပြီး ကျွန်မလက်ကိုကိုင်၍ သူဆုတောင်းသည်။ ‘‘ အယ်လင် လေးကို ပေးလို့ ကျေးဇူးတင်ပါ တယ်။ သူဟာ ဘုရားရှင်ပိုင်သောသူ ဖြစ်တယ်။ ကျွန်တော်တို့ မပိုင်ပါ။ သူ့ကို ကျွန်တော်တို့ မသိခင်ကတည်းက ကိုယ်တော် သူ့ကိုချစ်နှင့်နေပြီး သူ့ကို ကိုယ်တော် ပိုင်ပါတယ်။ သူ့အနားမှာ ကျွန်တော်တို့ မရှိနိုင်တဲ့အခိုက်အတန့်မှာ သူနှင့်အတူ ရှိတော်မူပါ အာမင်’’။
Hiram သည် စကားနည်းသူတစ်ဦးဖြစ်သည်။ သူ့အတွေးကို ထုတ်ဖော်ရန် သူ မနည်းအားထုတ်ရသည်။ သို့သော် သူပြောသည့်စကားအနည်းငယ်က လုံလောက် ကြောင်းသူသိသည်။ သို့သော် ကျွန်မနှလုံးသား ကြေကွဲသည့်နေ့၊ စိတ်နှလုံးကြွေမွလျက် ယုံကြည်ခြင်း ပျောက်ဆုံးချိန်တွင် ကျွန်မ နှုတ်မမြွက်နိုင်သောစကားလုံးများကို Hiram ပြောနိုင်ရန် ဘုရားရှင် ခွန်အားပေးခဲ့သည်။ ခင်ပွန်း၏လက်ကို ဆွဲကိုင်ထားရင်း နှုတ်ဆိတ် ငြိမ်သက်စွာ၊ မျက်ရည်ကျရင်း ဘုရားရှင် အနီးအနားမှာ ရှိနေကြောင်း ခံစားရပါသည်။ JOLENE PHILO, GUEST WRITER