အချို့သော ယဉ်ကျေးမှုများတွင် လူငယ်က အသက်ကြီးသူကို အခန်းထဲသို့ အရင် ၀င်ခွင့်ပေးရသည်။ အချို့ယဉ်ကျေးမှုများတွင် အရေးကြီးဆုံးနှင့် ရာထူးရာခံကြီးသူများကို အရင်ဝင်စေသည်။ ယဉ်ကျေးမှုများ မည်သို့ပင်ရှိရှိ၊ အရေးကြီးသောကိစ္စများတွင် အထူးသဖြင့်   မိမိနှင့် သက်ဆိုင်သော အခွင့်အရေးကို အခြားသူ တစ်စုံတစ်ယောက်အား ဦးစားပေးလိုက်ရန် ခက်ခဲသောအချိန်များ ရှိတတ်ပါသည်။
အာဗြံ (နောက်ပိုင်း အာဗြဟံဖြစ်လာသူ)နှင့် သူ့တူ လောတတို့တွင် သိုးနွားဥစ္စာများ များလွန်းလှသောကြောင့် သူတို့အတူတကွ နေထိုင်ရန် မြေမလောက်တော့ပါ။ အငြင်းပွားမှု မဖြစ်စေရန်အတွက် အာဗြံသည် လမ်းခွဲရန် ပြောပြီး လောတကို အရင်ဦးဆုံး မြေနေရာကို ရွေးချယ်စေ သည်။ သူ့တူတော်မောင်သည် မြေသြဇာ ကောင်းသော ယော်ဒန်မြစ်ဝှမ်းကို ရွေးချယ်ပြီး အာဗြံကို လိုချင်စရာ မကောင်းသည့်မြေတွင် ထားရစ်ခဲ့သည်။
ဤအခြေအနေတွင် အာဗြံသည် သူအရင် ရွေးပိုင်ခွင့် ရှိသော်ငြားလည်း စောဒကမတက်ဘဲ သူ့အနာဂတ်ကို ဘုရားသခင်လက်ထဲ အပ်နှံထားသည်။ ‘‘အာဗြံကလည်း ငါတို့သည်  ညီအစ်ကိုချင်းဖြစ်လျက် ငါနှင့် သင်၌လည်းကောင်း၊ ငါ့နွားကျောင်းသားတို့နှင့် သင့်နွားကျောင်းသားတို့၌ လည်းကောင်း၊ ခိုက်ရန်မရှိပါစေနှင့်။ မြေတစ်ပြင်လုံးသည် သင့်ရှေ့မှာ ရှိသည် မဟုတ်လော။ ငါနှင့်ခွာ၍ နေပါလော့။ သင်သည် လက်ဝဲဘက်သို့ သွားလျှင် ငါသည် လက်ျာဘက်သို့ သွားမည်။ သင်သည် လက်ျာဘက်သို့သွားလျှင် ငါသည် လက်ဝဲဘက်သို့ သွားမည်ဟု ဆို၏’’ (ကမ္ဘာ ၁၃း၈-၉)။ လောတ၏ရွေးချယ်မှုသည် အဆုံးတွင် သူ၏မိသားစုတစ်ခုလုံးကို အန္တရာယ်တွင်းထဲသို့ ခေါ်ဆောင်သွားပါတော့သည်
(ကမ္ဘာ ၁၉ ကို ဖတ်ပါ)။
ယနေ့ ရွေးချယ်စရာများစွာနှင့် ရင်ဆိုင်ရသော် သူ၏သမ္မာတရားလမ်းအတိုင်း လမ်းညွှန်ပြပါမည့်အကြောင်း ဘုရားရှင်ကို ကျွန်ုပ်တို့ယုံကြည်နိုင်ပါသည်။ ကျွန်ုပ်တို့ကို ဂရုစိုက်မည်ဟု ကတိတော်ရှိပါသည်။ ကျွန်ုပ်တို့ လိုအပ်သမျှကို ဖြည့်ဆည်းပေးပါလိမ့် မည်။  DAVID MCCASLAND