ဘိုးဘိုး ဟဲရစ် နှင့် ဘွားဘွား (ကျွန်ုပ်၏အဘိုးနှင့်အဘွား)တို့တွင် ပိုက်ဆံများများစားစား မရှိသော်ငြားလည်း မြေးများအတွက် အမှတ်ရစရာ ခရစ်စမတ်ဖြစ်အောင် နှစ်စဉ် ပြုလုပ် ပေးပါသည်။ နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်ပွဲက အစားအသောက်များ၊ ပျော်ရွှင်ဖွယ်ရာများ၊ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။ ထိုငယ်စဉ်ကလေးဘ၀မှာပင် ဤပျော်ပွဲရွှင်ပွဲကို ဖြစ်စေသူသည် ခရစ်တော်ဟု နားလည်ခဲ့ရသည်။
ကျွန်ုပ်တို့၏သားသမီးများထံသို့လည်း ယင်းဓလေ့ အမွေအနှစ်ကို လက်ဆင့်ကမ်း ပေးချင်ပါသည်။ ယမန်နှစ် ဒီဇင်ဘာက ခရစ်စမတ်ပွဲတော်ဆင်နွှဲရန် မိသားစုများ အတူတကွစုဝေးကြစဉ် ဤသို့ဝမ်းမြောက်ပျော်ရွှင်ဖွယ်
အလေ့အထလေးကို အဘိုးနှင့်အဘွားက အစပြုပေးခဲ့ခြင်း ဖြစ်ကြောင်း အမှတ်ရမိသည်။ အဘိုးနှင့်အဘွားသည် ငွေကြေးဥစ္စာအမွေများ မထားခဲ့သော်လည်း သူတို့သားသမီး များ၏ကလေးများဖြစ်သည့် မြေးများ သူတို့ကို စံထား အတုယူ ကြပါစေဟု ချစ်ခြင်း၊ လေးစားခြင်းနှင့် ယုံကြည်ခြင်း မျိုးစေ့များကို ဂရုတစိုက် စိုက်ပျိုးပေးခဲ့သည်။
သမ္မာကျမ်းစာတွင်လည်း အဘွားလောဣနှင့် အမိဥနိတ်တို့သည် တိမောသေအား စစ်မှန်သော ယုံကြည်ခြင်း မျိုးစေ့ချခဲ့သည့်အကြောင်း ဖော်ပြထားသည် (၂ တိ ၁း၅)။ သူတို့၏ပုံသက်သေကောင်းသည် ဤလူငယ်လေးအား လူများစွာကို သတင်းကောင်း ဝေမျှရန်အတွက် အသင့်ပြင်ဆင်ပေးခဲ့သည်။
ဘုရားသခင်နှင့်အကျွမ်းတ၀င်ရင်းနှီးစွာ လျှောက်လှမ်း ရှင်သန်ပြခြင်းဖြင့် မိမိတို့ လွှမ်းမိုးသောအသက်တာများအတွက်  ၀ိညာဉ်ရေးရာအမွေကို ကျွန်ုပ်တို့ပြင်ဆင်ပေးနိုင် ပါသည်။ တစ်ပါးသူအပေါ် မခွဲခြားဘဲ တန်းတူဆက်ဆံခြင်း၊ သူတို့၏အတွေးနှင့် အပြုအမူလုပ်ရပ်များအပေါ် စိတ်ဝင်စားမှုပြခြင်း၊ သူတို့နှင့်အတူ ဘ၀ကို ဝေမျှခြင်းဖြင့် ဘုရားရှင်၏စစ်မှန်သောချစ်မေတ္တာကို သူတစ်ပါးတို့အား လက်တွေ့ဖော်ကျူးနိုင်သည်။
ကျွန်ုပ်တို့ ပြုလုပ်သော ပျော်ပွဲရွှင်ပွဲများတွင်လည်း ပါဝင်ဝေငှနိုင်ကြောင်း သူတို့ကို ဖိတ်ခေါ်နိုင်သည်။ ကျွနု်ပ်တို့၏အသက်တာသည် ဘုရားသခင်၏စစ်မှန်သော မေတ္တာကို ရောင်ပြန်ဟပ်စေသောအခါ သူတစ်ပါးအတွက် မပျက်စီး မဆုံးရှုံးနိုင်သော အမွေအနှစ်ကို ကျွန်ုပ်တို့ချန်ရစ်ပေးခဲ့လေပြီ။   KEILA OCHOA